သာသနာ ဆိုတာမကွယ်ဘူး... ရွေ့တယ်(၁)

အယ်ဒီတာ့ရွာ (၁၁)



ခရစ္စယာန်ဘာသာဝင်တွေ တုန်လှုပ်စရာကောင်းတဲ့ သတင်းတစ်ခု မနှစ်က အမေရိကမှာ ဖြစ်ပွားခဲ့တယ်။ အဲ့ဒါကတော့ တစ်နှစ်ထဲမှာကိုပဲ အမေရိကန် ခြောက်သန်းကျော် ဗုဒ္ဓဘာသာဝင် အဖြစ်ခံယူလိုက်ကြတဲ့သတင်း ပါပဲရှင်။ ဒီသတင်းကို ဘီဘီစီကလည်း သားကောင်ကို မုဆိုးလိုက်သလို လိုက်ပြီး တတ်နိုင်သလောက် တစ်ဦးချင်းစီကို တနင်္ဂနွေနေ့တိုင်း အင်တာဗျူးတော့ တာပါပဲ။ ကျေနပ်စရာလည်း ကောင်းပါရဲ့ရှင်။ တော်တော်များများ ဖြေကြတဲ့ အဖြေတွေက စိတ်အေးချမ်းလို့တဲ့။ အဆုံးမရှိတဲ့ အပြင်လောကထက် အဆုံးရှိတဲ့ အတွင်းလောကကို လေ့လာဖို့တဲ့။ ရှင်းရှင်းဝန်ခံရရင် အဲဒီအထဲကကို ကျမလန့်ပြီး ကြက်သီးတွေ ဘာတွေထမိတယ်။

ကျမတို့ ကိုးကွယ်တဲ့ ဆရာတော် ဦးစိတ္တရ မိန့်ကြားတာကို နာခဲ့ရဖူးတယ်။ “ဆုထားမျက်ခြယ်..ရ၊ သာသနာဆိုတာ မကွယ်ဘူး။ အဲ... နေရာတော့ ရွေ့တတ်တယ်” တဲ့။

ဒါဆိုရင် ကျမဘာကြောင့် လန့်ဖြန့်သွားရတယ်ဆိုတာ ရှင်တို့ သဘောပေါက်လောက်ပါပြီ။ ကျမတို့ရဲ့ ဗုဒ္ဓဘာသာဟာ အမေရိကနဲ့ ဥရောပ လေယာဉ်တွေပေါ်တက်ဖို့ ခြေလှမ်း ပြင်နေပြီလားလို့ တွေးမိပြီး ကြောက်လည်း ကြောက် ၀မ်းလည်း ၀မ်းနည်း ဖြစ်သွားရတာပါ။

နောက်ပြီး ဆရာတော် ဆက်ပြီး အမိန့်ရှိတာက...

“ဗုဒ္ဓဘာသာဆိုရာ ရတနာတွေနဲ့ ဖွဲ့စည်းထားတာဟ... ဘုရား၊ တရား၊ သံဃာ ဆိုတဲ့ ရတနာတွေပေါ့ဟာ။ ရတနာဆိုတာ နင်တို့ သိတဲ့ ရွှေ၊ ငွေ၊ ပတ္တမြား စတဲ့ ရတနာတွေလိုပဲ။ ဆင်းရဲသားက မ၀ယ်နိုင်ဘူးလေဟာ။ ချမ်းသားတဲ့ လူမှ ရတနာကို ၀ယ်နိုင်တာ” တဲ့။

ဘုရား..ဘုရား။ ကျမတို့ ဆင်းရဲသားတွေ ဖြစ်ကုန်ပြီလား။ ဟုတ်တာပေါ့။ ဆင်းရဲသားက ရွှေနန်းတော်နားကို ဘယ်ကပ်နိုင်ပါ့မလဲ။ စားဖို့မှ အနိုင်နိုင်။ ဒါဆို ဟို သန်းရွှေတို့ အုပ်စုပဲ ၀ယ်နိုင်တော့မှာပေါ့။ ရွှေဆိုတာကတော့ ငွေနဲ့ဝယ်လို့ရတာ ဟုတ်ပါရဲ့။ ဘုရား၊ တရား၊ သံဃာ ဆိုတဲ့ ရတနာတွေကိုရော ဘာနဲ့များ ၀ယ်ယူရမှာပါလိမ့်။

ကျေးဇူးကြီးလှပါရဲ့ရှင်။ ဆရာတော် ဆက်အမိန့်ရှိတာက...

“ဆုထားမျက်ခြယ်ရ... ဘုရား၊ တရား၊ သံဃာဆိုတဲ့ ရတနာတွေက ငွေနဲ့တော့ ၀ယ်လို့မရဘူးပေါ့ဟာ။ တို့စာပေထဲမှာ သူတော်ကောင်းဥစ္စာ ဆိုတဲ့ ငွေတွေကို ပြထားတာရှိတယ်။ အဲဒီ ဥစ္စာတွေနဲ့ ၀ယ်မှ ဒီရတနာတွေက ရမှာပေါ့”

ဒါဆိုရင် အဲဒီ သူတော်ကောင်း ဥစ္စာတွေက ဘာတွေလဲဘုရား။

“ဒါတွေကတော့ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟိရိ၊ သြတ္တပ္ပ ဆိုတဲ့ သူတော်ကောင်း ဥစ္စာ (၇)ပါးပဲဟ။ ဒါတွေရှိမှ ဒါတွေနဲ့ ၀ယ်မှ ရတနာစစ်၊ ရတနာမှန် ဖြစ်တဲ့ ဘုရား၊ တရား၊ သံဃာတွေကို ရနိုင်တယ်။”

ဒီတော့မှ ကျမ တရေးရေးတွေးပြီး စဉ်းစားမိတာပါ။

“သဒ္ဓါ”ဆိုတာက ရတနာသုံးပါးအပေါ် မမှိတ်မသုန် ယုံကြည်မှု၊ ကံ, ကံ၏အကျိုးကို ယုံကြည်မှု၊ ဒီလိုမဟုတ်လားရှင်။ ကျမတို့ ဆီမှာ ဒီလို သဒ္ဓါတရားဆိုတဲ့ ငွေတွေ အလုံအလောက် ရှိကြပါသေးရဲ့လား။ ဒါလေးမှ မရှိတော့ရင် ဆိုက်ကားသမားနဲ့ ရွှေနန်းတော်ဝေးသလို ကျမတို့နဲ့ ရတနာသုံးပါး ဝေးကြရမှာပေါ့။ ကျမအထင်ကို ပြောရရင်, ဟို... မကောင်းဆိုးဝါးကောင်တွေက လွဲရင် တိုင်းသူပြည်သားတွေ အားလုံး သဒ္ဓါတရား ချမ်းသာကြပါတယ်ရှင်။

ဟို မကောင်းဆိုးဝါးကောင်တွေကတော့ သူတို့ဘာသာ သူတို့ တီဗွီပေါ်မှာ ဘာတွေပဲ ရိုက်ပြပြ ရတနာသုံးပါးနဲ့၊ ကံ, ကံ၏အကျိုးကို လုံးဝ မယုံကြည်ဘူး ဆိုတာ သေချာပါတယ်။ သူတို့ဆီမှာ ပထမဆုံး ဥစ္စာဖြစ်တဲ့ သဒ္ဓါတရားမှ မရှိပဲ ဘယ်လိုလုပ် ရတနာသုံးပါးကို ၀ယ်နိုင်တော့မှာလဲ။

ကျမအထင်ကို ပြောရရင် သူတို့ဆီမှာ ရတနာသုံးပါးမရှိတော့ပါဘူး။ သူတို့ ရတနာတွေက သူတို့ သဒ္ဓါတရား ဆင်းရဲသားတွေဖြစ်လာတော့ တခြား တစ်နေရာကို ရွေ့သွားကြပြီပေါ့။

ဒုတိယ ဥစ္စာက “သီလ”တဲ့ရှင်။ အားလုံးသိကြပါတယ်။ ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ရဟန်းတော်တွေအတွက် ပါတမောက္ခသံဝရသီလ။ သီလမရှိရင်လည်း ရတနာဝယ်လို့ မရပြန်ဘူး။ ကျန်တဲ့ သူတော်ကောင်း ဥစ္စာတွေကို မိကျောင်းမင်းရေကူးသင် ဖြစ်နေမှာ စိုးလို့ ကျမ အကျယ်မရေးတော့ပါဘူး။

သေချာတာကတော့ သူတော်ကောင်း ဥစ္စာ (၇)ပါး ဆိုတာ ရတနာမြတ်သုံးပါးကို ၀ယ်ယူလို့ရတဲ့ စီးတီးတို့, အမေရိကန် အိတ်(စ)ပရက်တို့လို အင်တာနေရှင်နယ် ချက်တွေ မဟုတ်လား။

နောက်ပြီး ဆရာတော် ဆက်ပြီး အမိန့်ရှိတာက...

“တစ်ချိန်က ပိုက်ဆံရှိလို့ ရွှေငွေရတနာတွေ ၀ယ်ထားပေမဲ့ နင်တို့က တဖြည်းဖြည်းနဲ့ စီးပွားရေးတွေကျ၊ ဆင်းရဲလာပြီဆိုရင် အဲဒီ ရွှေငွေရတနာတွေကို နင်တို့ ဆက်သိမ်း မထားနိုင်ဘူး။ ရောင်းချပြီး စားသောက်ကြရတယ်။ မှတ်ထားဟ.. ရွှေငွေရတနာဆိုတာ ပိုပြီး ချမ်းသာတဲ့လူဆီ အမြဲတမ်းရွေ့သွားတယ်။ တို့ ဗုဒ္ဓဘာသာဆိုတာကလည်း နင်တို့ သူတော်ကောင်း ဥစ္စာတွေ ချမ်းသာလို့ ၀ယ်ထားတာမှန်ပေမဲ့, သူတော်ကောင်း ဥစ္စာတွေ တဖြည်းဖြည်း ဆင်းရဲလာပြီဆိုရင် နင်တို့ထက် ချမ်းသာတဲ့ လူတွေဆီကို ဒီရတနာတွေက ထွက်သွားမှာပဲ”... တဲ့။

ဘုရား, ဘုရား။ ကျမကို ပိုပြီး အထိတ်တလန့် ဖြစ်စေတဲ့ သြ၀ါဒပါလား။ ကျမတို့ဟာ တစ်ချိန်က သူတော်ကောင်း ဥစ္စာ အလွန်ချမ်းသာကြွယ်ဝကြတဲ့ သူဋ္ဌေးတွေ၊ မီလျံနာတွေ။ ဒါကြောင့် ဒီရတနာတွေကို ကျမတို့ ၀ယ်ယူနိုင်ခဲ့ကြတာပေါ့။ ဒီရတနာတွေက ကျမတို့ထက် ချမ်းသာတဲ့ လူတွေဆီ သွားကြမှာတဲ့။ နောက်ဆို...

ရတနာသုံးပါးစလုံး အမေရိကနဲ့ ဥရောပကို သွားပြီး အခြေချများ နေထိုင်လိုက်ကြရင်, ဘုရားမရှိ၊ တရားမရှိ၊ သံဃာမရှိ။ တွေးရဲစရာမရှိ။

ဒီ သေနာကောင်တွေ ဆီမှာတော့ သူတော်ကောင်း ဥစ္စာ တစ်ပြားမှ မရှိတော့တာ သေချာတယ်။ ဒီကောင်တွေက ဆန်ရေစပါး ခေါင်းပါးရုံတင်မက အခု သူတော်ကောင်း ဥစ္စာတွေ ဆင်းရဲအောင်ပါလုပ်နေကြပြန်ပြီ။ သူတို့လုပ်ရင် ကြာမှာ မဟုတ်ဘူး။ တစ်ချိန်က အာရှထိပ်သီးနိုင်ငံ တစ်နိုင်ငံကို ကမ္ဘာ့ အမွဲဆုံးဖြစ်အောင် သူတို့ လုပ်ပြပြီးပြီ။

သူတော်ကောင်း ဥစ္စာအချမ်းသာဆုံးဖြစ်တဲ့ ကျမတို့နိုင်ငံကိုလည်း အမွဲဆုံး ဖြစ်အောင် သူတို့ လုပ်ကြဦးမှာ သေချာတယ်။

ဒီတော့ ကျမတို့ ရတနာတွေ သူများဆီ မရွေ့ခင် ဒီကောင်တွေကို ဖြုတ်ချနိုင်မှ ရမယ်။ ဖြုတ်ချကြရမယ်။ တဆက်ထဲမှာပဲ ရတနာတွေကိုလည်း တိုးတိုးလေးကပ်ပြီး လျှောက်ထားချင်သေးတယ်။

“ဗီဇာရလိုများ အမေရိကကို ကြွတော်မမူကြပါနဲ့ ဦးဘုရား။ ဒီကောင်တွေ မရှိရင် အရှင်ဘုရားတို့ကို တပည့်တော်မတို့ ဆက်လက် ပူဇော်ထားနိုင်ပါတယ်။ ဒီကောင်တွေကလည်း မကြာတော့ပါဘူး ဘုရား”

“ခဏလေး သည်းခံတော်မူကြပါဦးဘုရား” လို့လေ။

ဟုတ်တယ်လေ။ အမေရိက အစိုးရက ကျမတို့ သေနာကောင်တွေထက် ဟိရိနဲ့ သြတ္တပ္ပ ပိုချမ်းသာတယ်။

စဉ်းစားနေလို့ မဖြစ်ဘူး။ ရတနာတွေ လေယာဉ်ပေါ် မတတ်ခင် ဟိုကောင်တွေကို အရင်ဖြုတ်ချနိုင်အောင် လုပ်ကြမှ...။

(နှစ်ယောက်ပေါင်းရေးကြပါတယ်။)

ဆုထားမျက်ခြယ်+ဇင်ဝေသော်

(အေ၊ အို၊ အေ၊ ဘီ)

0 comments:

သံဃာတော်များ၏ အင်အား

(ဧရာဝတီသတင်းဌာနမှ ကောက်နှုတ်တင်ပြသည်။)

ဗုဒ္ဓမြတ်စွာ ရှင်တော်ဘုရားက လောကီရေးကိစ္စများနှင့် ကင်းကင်းရှင်းရှင်း နေခဲ့သော်လည်း သူ၏ သွန်သင်ဟောကြားချက် များက နိုင်ငံရေးကျင့်စဉ်တွင် ကောင်းမွန်သော အစိုးရစနစ်နှင့် ကောင်းမွန်သော အုပ်ချုပ်သူများ လိုအပ်ကြောင်း အလေးပေး ဟောကြားထားခဲ့ပါသည်။

မူရင်းစာမျက်နှာဖတ်ရန်...

ငွေကြာရံ ဘုန်းကြီးကျောင်းအား မတရား ၀င်ရောက် ဖျက်ဆီးသော ရုပ်သံကြည့်ရန်