ဒိုင်နိုဆော မျိုးတုံးပျောက်ကွယ်ခဲ့သလို... အပိုင်း (၁)

အယ်ဒီတာ့ရွာ (၁၂)



ဒိုင်နိုဆော မျိုးတုံးပျောက်ကွယ်ခဲ့သလို...

ဒိုင်နိုဆော သတ္တ၀ါကြီးတွေ ကမ္ဘာပေါ်မှာ တကယ်ပဲ အသက်ရှင်နေထိုင်ခဲ့ဖူးသလား။ သိပ္ပံပညာရှင်တွေရဲ့ ရှာဖွေတွေ့ရှိမှုတွေကလည်း မှန်လိုက်၊ (သူထက်မှန်တာပေါ်လာရင်)မှားလိုက်နဲ့။ ဒီတော့ သူတို့ကို အခြေခံပြီးရိုက်ထားတဲ့ ရုပ်ရှင်ကားတွေကို မှီခိုအားထားဖို့ကျပြန်တော့ ခပ်ကြောင်ကြောင် ဖြစ်နေရပြန်ရော။

ယုံချင်မှယုံပါ။ ဒိုင်နိုဆော သတ္တ၀ါကြီးတွေ ကမ္ဘာပေါ်မှာ တကယ်ပဲ အသက်ရှင် နေထိုင်ခဲ့ဖူးပါတယ်။ အဲ... မျိုးတုံးပျောက်ကွယ်ခဲ့ဖူးပါတယ်။

ဘယ်လိုပြောနိုင်တာလဲ ဆိုရင်... ပဒေသရာဇ် ဘုရင်စနစ်၊ ကွန်မြူနစ်ဝါဒ၊ အာဏာရှင်စနစ်တွေ ရှိခဲ့ဖူးတာ။ ဒီနေ့အထိ ကျွန်တော်တို့နိုင်ငံမှာ စစ်အာဏာရှင်စနစ် ရှိနေသေးတာတွေကို ထောက်ဆပြီး ဒိုင်နိုဆော ဆိုတာရှိခဲ့ဖူးတယ်လို့ ပြောလိုက်တာပါ။ ပိုပြီးများ ခပ်ကြောင်ကြောင် ဖြစ်သွားရင်ခွင့်လွှတ်ပါ။

ကလေးဘ၀တုန်းက စဉ်းစားခဲ့မိဖူးတယ်။ ဒိုင်နိုဆောကြီးတွေသာ နွားတွေလောက် အသိဥာဏ်ရှိပြီး နွားတွေလိုလယ်ထွန်ရာမှာ အသုံးပြုလို့ရရင် သိပ်ကောင်းမှာပဲလို့။ ဒါဆိုရင်လူတွေက ဒိုင်နိုဆောကြီးတွေ မပျောက်ကွယ်အောင် ကြိုးစားကြမှာ။ ဒီ သတ္တ၀ါကြီးတွေကလည်း ကမ္ဘာပေါ်မှာ ခွန်အားအကြီးမားဆုံး သတ္တ၀ါကြီးတွေ အနေနဲ့ သရဖူဆောင်းထားလိမ့်မယ်။ ဒါပေမယ့် ကြီးလွန်းတဲ့ သူတို့ အတ္တဘောကြီးတွေကိုတော့ အာဟာရနဲ့ပဲဖြစ်ဖြစ်၊ ဘိုင်အော်လော်ဂျီနည်းနဲ့ပဲ ဖြစ်ဖြစ် သေးသွားအောင်တော့ လုပ်ပေးရမှာပေါ့။

နည်းနည်းလေးရှည်သွားရင်ခွင့်လွှတ်ပါ။ ဒိုင်နိုဆောတွေ ရှိခဲ့ဖူးတယ်ဆိုတာ လက်ခံပြီးတဲ့နောက် ကျွန်တော် စိတ်ဝင်စားတာက ဘာကြောင့် ဒီကောင်ကြီးတွေ မျိုးတုံး ပျောက်ကွယ်သွားရတာလဲ။
သဘာဝက သူတို့ကို သတ်လိုက်တာလား?
သူတို့ အချင်းချင်းပြန်ပြီးသတ်ဖြတ်လို့လား?

ဟုတ်တယ်လေ။ ရုပ်ရှင်ကားတွေထဲက အတိုင်းဆိုရင် သူတို့ကို သတ်နိုင်မဲ့ သတ္တ၀ါမျိုးကွဲက ရှိမှမရှိပဲ။ ဒိုင်နိုဆော တစ်ကောင်ကို သတ်ဖို့ အသက်ပေါင်းများစွာသေ၊ တိုက်ပေါင်းများစွာ၊ ကားပေါင်းများစွာ ကျေမွပျက်စီးပြီးမှ ရတာမဟုတ်လား။ ဒါဆို ဒိုင်နိုဆော မျိုးဆက်တစ်ခုလုံးကို သတ်ဖို့ဆိုတာ လွယ်တာမှ မဟုတ်ပဲ။ ကျွန်တော် အတွေးနဲ့ထပ်တူကျပြီး ကျွန်တော်တို့ရဲ့မျှော်လင့်ချက်လည်း ဖြစ်တဲ့ စကားတစ်ခွန်းကိုတော့ ခိုင်ခိုင်မာမာ ပြောပြချင်ပါတယ်။

“ဒိုင်နိုဆော မျိုးတုံးပျောက်ကွယ်ခဲ့သလို စစ်အာဏာရှင်မောင်သန်းရွှေတို့ အုပ်စုလည်း မျိုးတုံး ပျောက်ကွယ်ရမယ်” ဆိုတာပါ။
ခွန်အားကြီးမားရုံသက်သက်နဲ့ ရှင်သန်နိုင်မှာ မဟုတ်ဘူး။ ပတ်ဝန်းကျင်နဲ့ (ကမ္ဘာနဲ့) သဟဇာတ ဖြစ်အောင် မနေနိုင်ရင် survive ဖြစ်မှာမဟုတ်ဘူး ဆိုတာ ဒိုင်နိုဆောက ပေးခဲ့တဲ့ သင်ခန်းစာပါ။ သန်းရွှေတို့အုပ်စုက ဒိုင်နိုဆောလောက် အားကောင်းရဲ့လား။ လက်နက်ဆိုလို့ မေတ္တာသုတ်လောက်သာ ရှိတဲ့ လူတန်းစားကို ချေမှုန်းနိုင်ရုံနဲ့ သူတို့ အစွမ်းက ထက်လှပြီလား။ ဘာပဲပြောပြော။ ဒိုင်နိုဆောတွေက သန်းရွှေတို့သွားရမယ့်လမ်းကို ခြေရာခံပြနေပါပြီ။
၁။ သူတို့အချင်းချင်း သတ်ပြီး ကွယ်ရင်ကွယ်မယ်။
၂။ သူတို့အချင်းချင်း မသတ်ရင်လည်း သဘာဝတရားက ဖယ်ရှားပါလိမ့်မယ်။

ဒီအတွေးလေးကနေ စတင်ပြီး ဒိုင်နိုဆော ကွယ်ပျောက်သွားရပုံကို စဉ်းစားကြည့်မိပါတယ်။ ကျွန်တော်ကိုယ်တိုင်က ဘာသိပ္ပံမှ မတတ်သူဆိုတော့ သိပ္ပံ ပညာရှင်တွေနဲ့ အယူအဆနဲ့ကတော့ တူမှာမဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ပိုက်ဆံပေးရတာမှတ်လို့ ဆွေးနွေးကြည့်ကြတာပေါ့။

ဆက်ရန်
(မှတ်ချက် ။ ။ အယ်ဒီတာ က
ဒိုင်နိုဆော ဆိုတော့တော်တော်လေးရှေ (စာပိုဒ်ကို ပြေတာပါ) တာကြောင့် အပိုင်းခွဲ ဖော်ပြရခြင်း ဖြစ်ပါတယ်။ )


0 comments:

သံဃာတော်များ၏ အင်အား

(ဧရာဝတီသတင်းဌာနမှ ကောက်နှုတ်တင်ပြသည်။)

ဗုဒ္ဓမြတ်စွာ ရှင်တော်ဘုရားက လောကီရေးကိစ္စများနှင့် ကင်းကင်းရှင်းရှင်း နေခဲ့သော်လည်း သူ၏ သွန်သင်ဟောကြားချက် များက နိုင်ငံရေးကျင့်စဉ်တွင် ကောင်းမွန်သော အစိုးရစနစ်နှင့် ကောင်းမွန်သော အုပ်ချုပ်သူများ လိုအပ်ကြောင်း အလေးပေး ဟောကြားထားခဲ့ပါသည်။

မူရင်းစာမျက်နှာဖတ်ရန်...

ငွေကြာရံ ဘုန်းကြီးကျောင်းအား မတရား ၀င်ရောက် ဖျက်ဆီးသော ရုပ်သံကြည့်ရန်